Sunday, June 27, 2010

အိုမင်းဟောင်းနွမ်းနေလေသော စွယ်တော်ရင်ပြင်ထက်၌


ကြည်လင်တဲ့ အပြာရောင်မိုးကောင်းကင်အောက်
အဖြူရောင် တိမ်လွာများ
ရှစ်ခွင်ရီသိုင်း မြူတွေဆိုင်းတဲ့ မှိုင်းညိုညိုတောင်တန်းပြာနဲ့
သက်ငြိမ်လွန်ဆည်းဆာရဲ့ အလှတရားများ
ဂန္ထ၀င်ပန်းချီကား တစ်ချပ်နှယ်
မြင်ကွင်းမဆုံးတဲ့ စိမ့်မြရည်လယ်ကွင်း ဘာသာဟစ်ကြွေး
တေးငှက်တွေရဲ့ ၀ဲပျံသီကြွေးသံတွေနှင့်အတူ
အနောက်ဂေါယံကျွန်းက သူရိယနေမင်းကို နှုတ်ဆက်နေသယောင်...

ပြေပြေအေးအေးတိုက်ခတ်လာသော ကန်ရေပြင်ရဲ့လေညှင်းရဲ့ တိုးဝှေ့သံက
ဆိတ်ငြိမ်ခြင်း ငြိမ်းအေးခြင်း ရသနှင့်အတူ
လပြည့်ည ပဒုမ္မာကြာသပွင့်နှယ်
ခံစားမိရင်း လွမ်းဖွယ်အပြည့် ငါ့ရဲ့စိတ် ခံစားမိ၏....

ဒီလိုနဲ့.....
အံဖွယ် ရင်ပြင်တော်ကြီးက
မိုင်းပြာရီ အုံ့ဆိုင်း စုံဂနိုင်မြိုင် တရားသံနှင့် အတူ
ဒီရင်မှာ လွမ်းပြီးရင်း လွမ်းနေရမိ..........

လွင့်လူးလာတဲ့ လေညှင်းရိုက်ခတ်သံများ
ရင်သပ်ရှုမငြီးနိုင်တဲ့ စွယ်တော်ရင်ပြင်ကို ၀န်းရံခြယ်သရင်း
သဲမှုန်ပွင့်လေးများက
ဤသို့ပြောသည်....

"တည်ငြိမ်အေးချမ်းမှုတရားတွေထက် ပို၍ မြင့်မြတ်သော
အရာမရှိနိုင်သတဲ့"


ဒါ... ဒါကို ငါ့ရဲ့ဝိညာဉ်များ ချုပ်ငြိမ်းသွားသည်အထိ
ငါ့ရဲ့ နှလုံးများ ယဲ့ယဲ့လေးကျန်တော့သည်အထိ
ငါ့ရဲ့ ထွက်သက်များ နောက်ဆုံး ရှူရှိုက်ရသည်အထိ
အမှတ်ရနေပါဦးမည်