Tuesday, September 14, 2010

လက်ခုပ်တစ်ဖက်တည်းရဲ့ အသံ

လက်ခုပ်တစ်ဖက်တည်းရဲ့ အသံ

များသောအားဖြင့်တော့ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ်လို့ ဆိုကြပါတယ်။ လူငယ်တွေ တစ်ခုခု မှားယွင်းတဲ့အခါ ပြဿနာတစ်ခုခု ဖြစ်လာတဲ့ အခါတိုင်း လူကြီးသူမတွေက ဒီလိုပဲ ဆုံးမတတ်ကြတာပါပဲ၊
မှတ်မိကြဦးမယ် ထင်ပါတယ် အလောင်းတော် ဇနက မင်းသား ရဟန်းပြုပြီး တော့သို့ သွားရာမှာ နောက်ပါးက မိဖုရားတွေ မူးမတ်တွေက တစ်ပုံကြီးလိုက်ပါကြ တားဆီးကြတာတွေ၊ အဲဒီလို သွားရာလမ်းမှာ သူငယ်မလေးတစ်ယောက်က လက်မှာစွပ်ထားတဲ့ သံကွင်းနှစ်ကွင်းကို တချွင်းချွင်းနဲ့မည်အောင် ကစားပြီးနေပါတယ်။ ဆိုတော့ ဇနကမင်းသားရဟန်းကြီးကလည်း သူငယ်မကို မေးလိုက်တဲ့အခါ သူငယ်မက လက်ကွင်းက နှစ်ခုရှိလို့ တစ်ခုနဲ့ တစ်ခုထိခိုက်မိပြီး အသံမြည်ခြင်း ဖြစ်တယ်။ တစ်ခုတည်းဆိုရင် ဘယ်လိုလုပ်အသံ မြည်နိုင်ပါ့မလဲပေါ့ ပြန်ရှင်းပြလိုက်ပါတယ်။ (အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုင်မလား မသိဘူး)
ဂလိုပါပဲ၊ မြင်ဖူးကြမယ် ထင်ပါတယ်။ တန်ဆောင်တိုင်ပွဲ တောင်ပေါ်ဒေသက ရှမ်းအိုးစည် ဗေထုံမည် တီးခတ်နေကြပုံတွေ၊ ခေတ်ပေါ် တီးဝိုင်းမှာတော့ ကီးဘုတ်က အဓိကဆိုပေမယ့် ဒရမ်ဗုံကလည်း အရေးပါတဲ့ တူရိယာတစ်ခုဖြစ်သလို ရှမ်းအိုးစည်ဝိုင်းတွေ တီးတဲ့အခါမှာလည်း လင်းခွင်း(လင်းခြင်း) အသံကလည်း မရှိမဖြစ် ပါဝင်ရမည့် အသံပါ၊ လင်းခြင်းဆိုတာ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး လက်ခုပ်တီးသလို တီးရတာကိုး၊ အိုးစည်သံနောက်ကို လင်းခွင်းအသံက စည်းဝါးကျအောင် လိုက်ပြီး တီးပေးရတာပါ၊ ဒါမှ နားထောင်ကောင်းတဲ့ အိုးစည်တီးဝိုင်း စည်းဝါးကျတဲ့ အိုးစည်တီးဝိုင်းဖြစ်လာတာပါ၊ တစ်ချို့နေရာတွေမှာတော့ အိုးစည်ကိုတောင်မှ မသုံးပဲ လင်းခွင်းနှင့် မောင်းအသံနှစ်ခုပဲ သုံးတာလည်း ရှိပါတယ်။
ဆိုလိုတာက အသံဆိုတာ ဘယ်အသံပဲဖြစ်ဖြစ် အရာဝတ္ထုနှစ်ခု ပေါင်းစည်းပြီးမှ ထွက်ပေါ်လာခြင်းလို့ ယေဘုယျ ယူဆထားကြတာပါ၊ တကယ်လည်း ဒီလို နှစ်ခုရှိမှ အဲဒီနှစ်ခု ထိခိုက်ပွတ်သပ်မှ အသံဆိုတာ ဖြစ်လာတာပါ။ ဆိုတော့ ဈင်ပုံပြင်ထဲမှာ ဆိုထားတဲ့ လက်ခုပ်တစ်ဖက်တည်းရဲ့ အသံဆိုတာ ဘယ်လိုမျိုးလဲ ? ဘာကို လက်ခုပ်တစ်ဖက်တည်းရဲ့ အသံလို့ ဆိုလိုပါသလဲ? စဉ်းစားစရာ တွေးတောစရာ မေးခွန်းထုတ်စရာတွေက ရှိလာပြန်ပါပြီပေါ့၊

အားလုံးသော ပဲ့တင်သံထက်
ငါ့အသံ ဘယ်လောက်ကျယ်သလဲ
ဆိုတာကိုပဲ ဂရုစိုက်တယ်
(ဖတ်ဖူးသော စာတစ်ပုဒ်မှ)

တစ်ခြားသောပြင်ပအရာတွေရဲ့ အသံ တွေထက်
ကိုယ်တွင်းက အသံကို ပို၍ ဂရုစိုက်ပါ
(ဈင်ဆရာ ဘုန်းတော်ကြီး)

အပြင်မှာ မိုးတွေ လျပ်စီး မိုးကြိုးတွေက တကျိမ်းကျိမ်း တစ်ဂျုံးဂျုံး၊ သစ်ပင် ၀ါးပင်တွေက လှဲကျလိုက် ပြန်ထောင်လာလိုက် အုန်းအုန်းကျွတ်ကျွတ် မည်နေတယ်။ မိုးချုန်းသံတွေ မိုးစက်မိုးပေါက်တွေကြား စံကျောင်းတော်ကလည်း ယခုပဲ ပြိုကျတော့မလို ဖြစ်နေပြီ။ သို့ပေမယ့် တင်ပလ္လင်ခွေ ထိုင်ပြီး ငြိမ်သက်တည်ငြမ်နေသူ ရဟန်းတစ်ပါးကတော့ မလှုပ်မယှက် တည်ငြိမ်လွန်းမက တည်ငြိမ်လွန်းနေတယ်။ ငြိမ်သက်စွာ တရားရှုမှတ်နေဆဲ။ လက်ခုပ်တစ်ဖက်တည်းရဲ့ အသံကို စည်းချက် ၀ါးချက်ကျကျ နားဆင်နေဆဲ၊ ကိုယ်တွင်းမှ ဖြစ် ပျက် သင်္ခါရ သဘောရဲ့ ယိုစီးသံ နှာသီးဝမှ တိုးဝင်လိုက် ထွက်သွားလိုက်နဲ့ ခန္ဓာပရမတ်သဘောရဲ့ လှုပ်ရှားသံ၊
ဟုတ်ပါတယ်။ ထိုသူက တရားရှုမှတ်နေခြင်းပါ၊ တရားရှုမှတ် ပွားများခြင်းက ပြင်ပအားရုံ ပြင်ပ ထိခိုက်သံများကို ဥပေက္ခာပြု တတ်နိုင်သမျှ လစ်လျူရှုပြီး ကိုယ်တွင်းအသံကို စူးစူးစိုက်စိုက် မျက်ခြေမပြတ် ရှုမှတ်နေခြင်းပင်၊ အားကောင်းသော သတိတရားဖြင့် ရှုမှတ်လေလေ ကိုယ်တွင်းမှ ဖြစ်ပေါ်လာသောအသံ (လက်ခုပ်တစ်ဖက်တည်းရဲ့ အသံ)က ပို၍ စည်းဝါးကျကျ နားဆင်နိုင်ခြင်းပင်၊ ထိုအသံသည် အေးငြိမ်းတကာ့ အေးငြိမ်းဆုံး တည်ငြိမ်သမျှ အတည်ငြိမ်ဆုံး တနည်းအားဖြင့် ဈန်ဝင်စားနေခြင်း ဈာန်သမာဓိရဲ့ အသံကို နားဆင်နေခြင်းဟု ဆိုနိုင်သည်။ ထိုကြောင့်ပင် ဘုရား ရဟန္တာ ယောဂီ သူတော်စင်တို့သည် ဈာန်ဝင်စားခြင်းလို့ ဆိုတဲ့ တရားရှုမှတ်ခြင်းအသံ (လက်ခုပ်တစ်ဖက်တည်းရဲ့ အသံ)ကို နားဆင်လေ့ ရှိကြခြင်းဟု ဆိုရမည် မဟုတ်ပါလား
(တစ်နေ့ကို အိပ်ရာမ၀င်မီ ငါးမိနစ်လောက် လက်ခုပ်တစ်ဖက်တည်းရဲ့ အသံကို နားဆင်မယ်ဆိုရင်)

၆၅။ တစ္ဆေတစ်ကောင်ရဲ့ ဖိနှိပ်ချုပ်ချယ်ခြင်း

၆၅။ တစ္ဆေတစ်ကောင်ရဲ့ ဖိနှိပ်ချုပ်ချယ်ခြင်း

ငယ်ရွယ်တဲ့ မိန်းမတစ်ယောက်က ဖျားနာပြီး သေဆုံးသွားခဲ့ပါတယ်။
“ကျမ ရှင့်ကို အရမ်းချစ်ပါတယ်” “ကျမ ရှင့်ဆီမှ ထွက်မသွားချင်ပါဘူး၊ ကျမမှလွဲလို့ တစ်ခြားမိန်းကလေးတွေဆီကို မသွားပါနဲ့၊ တကယ်လို့ ရှင် တစ်ခြားမိန်းကလေဆီး သွားခဲ့မယ်ဆိုရင် ကျမ တစ္ဆေတစ်ကောင်အနေနဲ့ ရှင့်ကို အဆုံးသတ်မရတဲ့ ပြဿနာကို ဖန်တီးပြီး ရှင့်ဆီကို ပြန်လာရလိမ့်မယ်” သူမက သူမရဲ့ ယောကျာ်းကို ပြောလိုက်တယ်။
သိပ်မကြာခင်မှာပဲ သူမ သေဆုံးသွားခဲ့ပါတယ်။ ယောကျာ်းဖြစ်သူက သူမရဲ့ နောက်ဆုံးဆန္ဒကို သုံးလေးလလောက်အထိ အလေးထားပြီး ကတိတည်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ တွေ့ပြီး ချစ်ကြိုက်မိသွားပါတယ်။ သူတို့ဟာ စေ့စပ်ကြောင်းလမ်းပြီး လက်ထပ်အိမ်ထောင်ပြုခဲ့ကြပါတယ်။
စေ့စပ်ကြောင်းလမ်းပြီး ချက်ခြင်းဆိုသလိုပဲ တစ္ဆေတစ်ကောင်က ယောကျာ်းဆီကို ညတိုင်း ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ကတိကို မထိန်းသိမ်းနိုင်ခဲ့ခြင်းအတွက် သူ့ကို ပြစ်တင်ကြိမ်းမောင်းခဲ့တယ်။ တစ္ဆေက အလွန်တော်ပြီး သူမဟာို သူ့ကိုယ်တိုင်နဲ့ သူ့ရဲ့ အသစ်ချစ်သူများအကြား တိတိကျကျ ရှင်းလင်းထားရမယ့်အရာကို တိတိကျကျ ပြောခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သူဟာ သူ့ရဲ့စေ့စပ်ထားတဲ့မိန်းကလေးနဲ့ လက်ထပ်ခဲ့ပြီးတဲ့အထိ တစ္ဆေက အသေးစိပ် အသေးစိပ် သိကြောင်း ပြောပြီး ပြန်သွားခဲ့ပါတယ်။ သူအိပ်လို့မရနိုင်တဲ့ပြဿနာတွေနဲ့ ယောကျာ်းက တော်တော်ဒုက္ခခံခဲ့ရပါတယ်။ ရွာတစ်ရွာတွင်နေထိုင်သော ဈင်ဆရာတစ်ယောက်ဆီကို ဒီပြဿနာကို ပြောပြဖို့ တစ်ယောက်သောသူက သူ့ကို အကြံပေးခဲ့ပါတယ်။ နောက်ဆုံးမှာ စိတ်ပျက်ပျက်နဲ့ လူဆင်းရဲသားတစ်ယောက်ရဲ့ အကူအညီနဲ့ ဈင်ဆရာဆီကို သွားခဲ့ပါတယ်။
“မင်းရဲ့ အရင်ဇနီးက တစ္ဆေတစ်ယောက် ဖြစ်နေပြီး မင်းလုပ်သမျှ အရာအားလုံးကို သိနေတယ်” “မင်း ဘာပဲလုပ်လုပ် မင်း ဘာပဲပြောပြော မင်း အချစ်သစ်တွေ ဘယ်လောက်ပဲ ရှာရှာ သူမ သိတယ်။ သူမဟာ အလွန် အသိဥာဏ်ကြွယ်တဲ့ တစ္ဆေမတစ်ကောင် ဖြစ်ရမယ်။ တကယ်ဆိုရင် ဒီတစ္ဆေတစ်ယောက်ကိုပဲ သဘောကျ နှစ်သက်သင့်တယ်။ နောက်တစ်ကြိမ် သူမ ပြန်ပေါ်လာဦးမယ်။ သူမနှင့်အတူ အပေးအယူ ညှိနှိုင်းဖို့ လိုတယ်။ သူမ မှတစ်ခြားသောအရာကို သင်ဖုံးကွယ်နိုင်တယ်ဆိုတာကို သူမသိအောင် ပြောပါ။ ပြီးတော့ မင်းရဲ့ မေးခွန်းတစ်ခုကို သူမဖြေရလိမ့်မယ်ဆိုရင် သင့်ရဲ့ အိမ်ထောင်ရေးကို ချိုးဖျက်ပစ်မယ်လို့ ကတိပေးလိုက်ပါ။ ပြီးတော့ တစ်ယောက်တည်း နေမယ်လို့ ကတိပေးလိုက်ပါ” ဈင်ဆရာက မှတ်ချက်ပေးလိုက်ပါတယ်။
“ကျနော် သူမကို မေးရမယ့် မေးခွန်းက ဘာလဲ?” လူငယ်က မေးလိုက်ပါတယ်။
“သင့်လက်ထဲမှာ ပဲစေ့တွေကို အမြောက်အများဆုပ်ကိုင်ထားပြီး လက်ထဲမှာရှိတဲ့ ပဲစေ့အရေအတွက်ကို မှန်ကန်တိကျအောင် ဖြေခိုင်းပါ။ သူမ မဖြေနိုင်ဘူးဆိုရင် သူမဟာ သင့်ရဲ့ စိတ်ကူးစိတ်သန်း ထင်မြင်မှုတစ်ခုသာ ဖြစ်တယ်ဆိုတာ မင်း သိထားရလိမ့်မယ်။ ပြီးတော့ ပြဿနာတွေဟာလည်း သက်စိုးမရှည်တော့ပဲ ချုပ်ပျောက်သွားလိမ့်မယ်။”
နောက်တညမှာ တစ္ဆေက ပေါ်လာတဲ့အခါ လူငယ်က သူမကို မြောက်ပင့်ပြောဆိုပြီး သူမဟာ အရာအားလုံးကို သိနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
“တကယ်လား” “ ဒီနေ့ ရှင် ဈင်ဆရာဆီကို သွားခဲ့တယ်ဆိုတာကို သိတယ်” တစ္ဆေက ပြန်ဖြေလိုက်ပါတယ်။
“ကဲ မင်း ဒီလောက်တောင် သိနေတယ်ဆိုမှတော့” “ဒီလက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ပဲစေ့ အရေအတွက်ဘယ်လောက်ရှိလဲဆိုတာ ပြောပါ” လူငယ်က ပြန်မေးလိုက်ပါတယ်။
မေးခွန်းကို ဖြေဆိုဖို့ရန် ခက်ခဲနေသော တစ္ဆေမက စိုးစဉ်းမျှ မနေနိုင်တော့ဘဲ ထွက်ခွာသွားပါတော့တယ်။