Wednesday, September 15, 2010

ဈင်ရဲ့ မှတ်စုတစ်ခု

၆၈။ ဈင်ရဲ့ မှတ်စုတစ်ခု

ကာကုက ဧကရာဇ်ဆီကို အလည်သွားပြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ ဘယ်သူမှလည်း သူ့ရဲ့ ဖြစ်စဉ်ကို မသိခဲ့ဘူး။ သူဟာ တရုတ်ပြည်မှာ ဈင်ကို လေ့လာတဲ့ ပထမဆုံးသူလည်း ဖြစ်တယ်။ သူ့မှာ ဘာမှမယ်မယ်ရရ မရှိပေမယ့် မှတ်စုတစ်ခုတော့ သိမ်းဆည်းထားတယ်။ ဂျပန်ပြည်ကို ဈင်ကို ယူဆောင်လာဖို့အတွက်ကျတော့ သူဘာမှ မမှတ်မိတော့ဘူး။
ကာကုက တရုတ်ပြည်ကို အလည်သွားခဲ့ပြီး အဲဒီမှာ ဟိုဟို ဒီဒီ လျှောက်သွားမနေတော့ဘဲ သစ္စာတရားကို လက်ခံကျင့်သုံးခဲ့တယ်။ ဝေးလံခေါင်ဖျားတဲ့ တောင်ကုန်းတစ်ခုမှာ တစိုက်မတ်မတ် တရားရှုမှတ် နေခဲ့တယ်။ လူတွေသူ့ကို လာရှာတဲ့အခါတိုင်း တရားစကား အနည်းငယ်လောက်ကိုပဲ ဟောကြားခဲ့ပြီး လွယ်လွယ်ကူကူ ရှာလို့ မရနိုင်တဲ့တစ်ခြား တစ်နေရာကို ပြောင်းသွားလေ့ရှိတယ်။
ဧကရာဇ်ဘုရင်က ဂျပန်ပြည်ကို အလည်လာတဲ့အခါ ကာကု အကြောင်းကို ကြားသိရပြီး သူ့အတွက် သင့်လျော်တဲ့ ဈင်တရားကို ဟောကြားပေးဖို့ တောင်းပန်ခဲ့တယ်။
ကာကုက ဧကရာဇ်ဘုရင်ရှေ့မှာ ဆိတ်ငြိမ်စွား ရပ်နေခဲ့ပြီး သူ့ရဲ့ သင်္ကန်းခေါက်ကြားထဲမှ စာပလွေကို ထုတ်ယူကာ မှတ်စုတိုတစ်ခုကို ထုပ်ယူလိုက်တယ်။ သိမ်မွေ့စွာပဲ ဘုရင်ဆီကို စာပလွေပေးလိုက်ပြီး သူဟာ ပျောက်ကွယ်သွားပါတော့တယ်။

ဗုဒ္ဓဘာသာသမိုင်းကို တူးဆွကြည့်ခြင်း

ဆောင်းပါး

ဈင်ကလည်း ဗုဒ္ဓဘာသာပဲ မဟုတ်လား၊ ဈင်တရားနဲ့ ထေရ၀ါဒတရားက ဘယ်လိုကွာလဲ ဒါ့အပြင် ဈင်နဲ့ မဟာယာနကော တူသလား စသဖြင့် မေးစရာတွေက ရှိလာပြန်ပါတယ်။ ကဲဗျာ သမိုင်းကြောင်းလေးကို နည်းနည်းလောက် တူးဆွကြည့်ရအောင်ပါ။
ဗုဒ္ဓဘာသာမှာက ထေရ၀ါဒနှင့် မဟာယာနလို့ ခေါ်တဲ့ အဓိက ဂိုဏ်းကြီးနှစ်ဂိုဏ်း ရှိပြီး ထေရ၀ါဒကို တောင်ပိုင်း ဗုဒ္ဓဘာသာ မဟာယာနကို မြောက်ပိုင်းဗုဒ္ဓဘာသာလို့ ခေါ်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ၄၅-နှစ်လုံးလုံး ဟောကြားခဲ့တဲ့ တရားတော်တွေကို စုပေါင်းကာ အဇာတသတ်မင်း အကူအညီနဲ့ အရှင်မဟာကဿပ မထေရ် ဦးစီးပြီး စုပေါင်း သဂါင်္ယနာတင်ခဲ့ကြတယ်။ သဂါင်္ယနာဆိုတာ ဗုဒ္ဓတရားတော်တွေကို တူရာ တူရာ စနစ်တကျ စုပေါင်းပြီး သံပြိုင်ရွတ်ဆို အတည်ပြုခြင်းလို့ ဆိုပါတယ်။ အဲဒီ ပထမသင်္ဂါယနာမှာ ပြဿနာရှိလာတာက “သံဃာတော်တွေ ဆန္ဒရှိမယ်ဆိုရင် အသေးစား သေးသေးမွားမွား ခုဒ္ဒါနုခုဒ္ဒကလို့ ခေါ်တဲ့ ၀ိနည်းစည်းကမ်းတွေကို ပယ်လိုက ပယ်နိုင်တယ်” လို့ ဗုဒ္ဓက ပရိနိဗ္ဗာန်ပြခါနီး ပြောခဲ့တယ်။ အဲဒါကို အရှင်အာနန္ဒာက အဲဒီအချိန်တုန်းက သူလည်း သောတာပန်အဆင့်သာ ရှိသေးတော့ ဗုဒ္ဓအတွက် ပူဆွေးသောက ရောက်နေပြီး အဲဒီ သေးသေးမွားမွား ၀ိနည်းစည်းကမ်းဆိုတာ ဘာတွေလဲ ဘယ်အရာလဲလို့ တိတိကျကျမေးဖို့က မေ့နေခဲ့တယ်။ သင်္ဂါယနာတင်တဲ့အခါမှာတော ပယ်ရှားရမယ့် အရာက တိတိကျကျ မသိတဲ့အတွက်ကြောင့် ဗုဒ္ဓချမှတ်ထားတဲ့ ၀ိနည်းစည်းကမ်းအတိုင်း အရှိကို အရှိအတိုင်း စုပေါင်းတင်လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

အဲဒီမှာ ထူးခြားတာတစ်ခုက ပထမသင်္ဂါယနာမတင်မီ ရာဇဂြိုလ်မြို့ထဲကိုကြွလာတဲ့ ပုရာဏမထေရ်ကို သံဃာတော်တွေက သင်္ဂါယနာတင်ရာမှာ အဓိကနေရာက ဦးဆောင်ပါဝင်ဖို့ ၀ိုင်းဝန်းလျှောက်ထားကြတယ်။ ဒါပေမယ့် ပုရာဏ မထေရ်က ဘုရားဆီမှာ ငါကြားနာ မှတ်သားခဲ့ရတဲ့ အတိုင်းသာ ဆောင်ယူပါရစေ။ မင်းတို့နှင့်အတူ မပူးပေါင်းလိုတော့ပြီ လို့ ပြောပြီး ငြင်းဆန်ခဲ့ပါတယ်။ သမိုင်းမှတ်တမ်း မှတ်ရာအဆိုအရတော့ ပုရာဏ မထေရ်ဟာ ခုဒ္ဒါနုခုဒ္ဒကလို့ခေါ်တဲ့ သေးသေးမွားမွား ၀ိနည်းသိက္ခာပုဒ်တွေကို တိတိကျကျ သိအောင် မမေးမိတဲ့ အရှင်အာနန္ဒာရဲ့ အသေချာ မရေရာမှုကို သဘောမကျလို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း တစ်ရာ အရောက်မှာတော့ ခုဒ္ဒါနု ခုဒ္ဒက သိက္ခာပုဒ်တွေကို ပယ်ရှားလိုက ပယ်ရှားနိုင်တယ်ဆိုတဲ့ ဗုဒ္ဓရဲ့ နောက်ဆုံးစကားကို လက်ကိုင်ပြုပြီး ဝေသာလီသား ၀ဇ္ဇီရဟန်းတွေက အချက် ၁၀-ချက် ပါဝင်တဲ့ အဆိုပြုလွာကို တင်သွင်းလာပါတယ်။ အချက်ဆယ်ချက်ဆိုတာက အခြေအနေအရ ပိုက်ဆံကိုင်သင့်ရင် ကိုင်ရမယ်။ ယာဉ် ရထားတွေ စီးသင့်ရင် စီးရမယ်။ နို့ဓမ်းတွေ ထောပတ်တွေလည်း ကျမ်းမာရေးအရ စားသင့်ရင် စားရမယ် စသဖြင်ပါ။ (အကုန်လုံးတော့ မမှတ်မိတော့)

ဒီနေရာမှာ ဝေသာလီဆိုတာက အဲဒီခေတ်မှာတော့ ဒီမိုကရေစီကျကျ အုပ်ချုပ်တဲ့ ဒီမိုကရေစီတရား ထွန်းကားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့တာကိုး၊ ပြီးတော့ “တဆင့်စကားကြားရုံမျှနှင့် မယုံနှင့်၊ စာပေကျမ်းဂန် ရှေးထုံးလမ်းစဉ်လာတွေက ပြောခဲ့တာဆိုပြီးလည်း မယုံနဲ့၊ ဘယ်ပညာရှိက မိန်ခဲ့လို့ ဘယ်ဆရာက ပြောခဲ့လို့ဆိုပြီး အယုံမလွယ်နဲ့၊ ကိုယ်တိုင် ဆုံးဖြတ် လုပ်ကိုင် ကိုယ်ပိုင်ဥာဏ်နဲ့ ယုတ္တိကျကျ သဘာဝကျကျ ဆင်ခြင် သုံးသပ်ပြီးမှ ယုံသင့်မှ ယုံ” စသဖြင့် ကာလာမသတိုးသားကို ဟေားကြားခဲ့တဲ့ ကေသမုတ္တိသုတ်ကလည်း သူတို့အတွက် စံတစ်ခု ဖြစ်နေတာက တစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံဆိုတော့ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေဟာ လွတ်လပ်ပွင့်လင်းတာက တစ်ကြောင်း၊ ဒါကြောင့် အချက်၁၀-ချက် ပါဝင်တဲ့ အဆိုတစ်ခုကို ဝေသာလီသားတွေ တင်သွင်းလာကြတာလည်း လွန်တယ်လို့ ဆိုလို့မရဘူး။

ဒါကို အရှင်ဒဗ္ဗမထေရ် ဦးဆောင်တဲ့ ရှေးရိုးစွဲ ယူဆထားတဲ့ သံဃာအဖွဲ့က ဝေသာလီကို သွားပြီး အချက်၁၀-ချက်နဲ့ တင်ပြလာတဲ့ ရဟန်းတော်တွေကို အဓမ္မ၀ါဒီ ဥပဒေ၀ိနည်း စည်းကမ်းနဲ့ မညီညွတ်သူများဟု သတ်မှတ်ပြီး နှင်ထုတ်ခဲ့ကြပါတယ်။ အဲဒီမှာပဲ ကာလသောကမင်း အကူအညီနဲ့ ဒုတိယသင်္ဂါယနာကို တင်ခဲ့ကြပါတယ်။
နှင်ထုတ်ခံရတဲ့ ဝေသာလီသား ရဟန်းတော်တွေဟာ အိန္ဒိယမြောက်ပိုင်း ကောသမ္ဘီမြို့မှာ သီးခြား စဉ်ပြိုင်သင်္ဂါယနာအဖြစ် တင်ခဲ့ကြပါတယ်။ တကယ်တော့ အဲဒီလို နှင်ထုတ်မယ်အစား တင်ပြလာတဲ့အချက်အလက်ကို ကြေလည်အောင် အုပ်စုနှစ်စုရဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရသည်အထိ အကြေအလည်ဆွေးနွေးခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာမှာ မဟာယာနတွေ ထေရ၀ါဒတွေ ဘာတွေ ညာတွေ ဂိုဏ်းကွဲစရာအကြောင်း ရှိလာမည် မဟုတ်ပါ။

ဒုတိယ သင်္ဂါယနာကနေ ဂိုဏ်းနှစ်ခု ကွဲထွက်လာလိုက်တာ အသောမင်းလက်ထက် (အေဒီ ၃၂၅) ရောက်တော့ ဂိုဏ်းကြီးက ၁၈ ဂိုဏ်းတောင်မှ ကွဲသွားပါလေရော၊ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ဦးစီးပြီး အသောကမင်းအကူအညီနဲ့ တတိယသင်္ဂါယနာကို တင်လိုက်ကြပြန်ရော၊ တင်ရခြင်းအကြောင်းရင်းကတော့ မှန်ကန်တဲ့အမြင်တွေ ဆုံးဖြတ်နိုင်ဖို့ မတူကွဲပြားတဲ့အမြင်တွေကို ဆွေးနွေးဖို့နှင့် ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒီဖြစ်ကြောင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

နှင်ထုတ်ခံရတဲ့ ၀ဇ္ဇီတိုင်း ရဟန်းတို့ဟာလည်း ကသျှမီးယား(ယခု ပါကစ္စတန်)သို့ ပြောင်းရွှေ့သွားခဲ့ကြတယ်။ နယကထေရ် ပါဆွရဲ့ဦးစီးပြီး ဘုရင် ကနိသျှက ဘုရင်ရဲ့ အထောက်အပံ့နှင့် ကသျှမီးယားဒေသမှာပဲ တတိယသင်္ဂါယနာကို စဉ်ပြိုင်တင်ခဲ့ကြတယ်။ ၀ိဘာသာလို့ခေါ်တဲ့ ကျမ်းစာတွေ ဂါထာတစ်သိန်း ပါဝင်တဲ့ ပိဋကတ်တွေကို ရေးသား မှတ်တမ်းတင်နိုင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး မဟာယာနက အိန္ဒိယရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ တိုးတက်ပြန့်ပွားခဲ့တာ ဖြစ်ပါတယ်။

အသောကဘုရင်က တတိယသင်္ဂါယနာ တင်ပြီး ကိုးတိုင်း ကိုးဌာန သာသနာပြု စေလွတ်ရာမှာ အရှင်သောဏ အရှင်ဥတ္တရတို့ ဦးဆောင်တဲ့အဖွဲ့က သုဝဏ္ဏဘုမ္မိ(သထုံ)ကို ရောက်လာခဲ့တယ်။ အသောကရဲ့ ညီတော် အရှင် မဟိန္ဒဦးဆောင်တဲ့ အဖွဲ့ကတော့ သီဟိုဠ် သီရိလင်္ကာသို့ ရောက်လာခဲ့ပြီး၊ ကျန်အဖွဲ့တွေကတော့ နီးစပ်ရာ အာဖဂန် နစ္စတန် ကာစစ်စတန်ကို ရောက်ခဲ့ကြတယ်ဆိုတာကလွဲလို့ မှတ်တမ်းမှတ်ရာများ ထင်ထင်ရှားရှား မတွေ့ရပါ။

အေဒီ ၁၃ ရာစုနှစ်လောက်မှာ ပုဂံဘုရင် အနော်ရထာ သထုံဟံသာဝတီကို စစ်အောင်နိုင်ပြီး ပိဋကတ်နဲ့အတူ အရှင်အရဟံကို ပင့်ဆောင်ကာ သာသနာပြုခဲ့သည်မှ စ၍ မြန်မာနိုင်ငံ၌ သာသနာထွန်းကားနေသည်မှာ ယနေ့အချိန် အထိပါ။
ဆိုတော့ ပြန်ဆက်ရရင် စဉ်ပြိုင် သင်္ဂါယနာတင်ခဲ့ကြတဲ့ ကသျှမီးယားဒေသက ရဟန်းတော်တွေဟာ အဲဒီဒေသအပြင် အိမ်နီးချင်း ဇိနတိုင်း (တရုတ်) ဆီကို တစ်စ တစ်စ ပြန်ပွားခဲ့ပါတယ်။

အေဒီ ၈-ရာစုမှာ တရုတ်ရဟန်းတော် ဗာဟိယန်နှင့် သူငယ်ချင်းများက အနောက်မစ္ဆိမသို့ ကုန်းကြောင်း ခရီးဖြင့် ကျမ်းစာသယ်ဆောင်ဖို့ ခရီးထွက်ခဲ့ပါတယ်။ ဒီနေရာမှာ ဗာဟိယန်မှတ်တမ်းဆိုတဲ့ စာအုပ်က ဖတ်သင့်တဲ့ စာအုပ်တစ်ခု ဖြစ်ပြီး တောင်တောင်သဘာဝနှင့် ဗာဟိယန်တွေ့ကြုံခဲ့သမျှကို မှတ်တမ်းပြုထားတဲ့ စာအုပ် ဖြစ်ပါတယ်။ မှတ်မိကြအုံးမယ် ထင်ပါတယ်။ ငယ်စဉ်က မြ၀တီရုပ်မြင်သံကြားမှာ ကြည့်ခဲ့ရတဲ့ အနောက်ဒေသသို့ ခရီးထွက်ခြင်းဆိုတဲ့ ၀ုခုန်းတို့ ပါကျဲ့တို့ ကလေးတွေ အင်မတိ အင်မတန် ကြိုက်တဲ့ ဇာတ်ကားပါ၊ လူကြီးတွေလည်း ကြိုက်ကြတာပါပဲ၊ အဲဒီဇာတ်ကားက ဗာဟိယန်ရဟန်းတော်ရဲ့ မှတ်တမ်းကို ပြန်လည် အသက်သွင်းထားတာပါ။ ဒီနေရာမှာ ထူးခြားတာတစ်ခုက ဗာဟီယန် ကူးယူခဲ့တာက သက္ကတဘာသာနဲ့ မှတ်တမ်းတင်ထားတဲ့ ပိဋကတ် ဖြစ်ပြီး သူနှင့် မရှေးမနှောင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ အရှင်မဟာ ဗုဒ္ဓဃောသ ကူးယူပြန်ဆိုထားတဲ့ ပိဋကတ်က ပါဠိဘာသာနဲ့ မှတ်တမ်းတင်ထားတဲ့ ပိဋကတ်ဖြစ်တယ်လို့ ဆိုကြပါတယ်။

အေဒီ ၁၇- ရာစုမှာတော့ အီရန်ပါရှန်း ကျေးကုလားတွေက အိန္ဒိယကို စစ်အောင်နိုင်ခဲ့ပြီး ပြည်သူတွေ အကုန်လုံးကို သူတို့ ကျေးကုလားဘာသာသို့ သွတ်သွင်းခဲ့ပါတယ်။ သွတ်သွင်းမရတဲ့ သူတွေကို သတ်ဖြတ်ခဲ့ကြပြီး အဲဒီအချိန်တုန်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဟာ အိန္ဒိယမှာ မနေနိုင်တော့ဘဲ တိုင်းတစ်ပါးဆီ ထွက်ပြေးတိမ်းရှောင်ကြရပါတော့တယ်။ ၀ါဝါမြင် အကုန်သတ် ကတုံးမြင်ရင် အကုန်သတ်ဆိုတဲ့ ကျေးကုလားတွေရဲ့ စနစ်ကြောင့် တစ်ချိန်က ဗုဒ္ဓပွင့်ထွန်းခဲ့တဲ့ သာသနာနယ်မြေဟာလည်း သွေးချောင်းစီးခြင်းနှင့်အတူ ဗုဒ္ဓဘာသာဟာ လုံးဝ ပျက်သုံးသွားပါတော့တယ်။ နာလန္ဒာ တက္ကသိုလ်ကျောင်းတော်ဆိုရင် ကျေးကုလားတွေ မီးရှို့တာ ၄-လလောက်ကြာမှ မီးငြိမ်းတယ်လို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ ၁၉၆၂ ၀န်းကျင်လောက်မှ ကုလသမဂ္ဂအတွင်းရေးမှုး ဦးသန့်နှင့် ၀န်ကြီးချုပ်ဟောင်း ဦးနုတို့က ဗုဒ္ဓဂါယာ နယ်မြေများကို ပြန်လည် ၀ယ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျေးကုလားတို့ရဲ့ အန္တရာယ်ကြောင့် ထွက်ပြေးကြရတဲ့ ဘုန်းတော်ကြီးတွေဟာ အိန္ဒိယတောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ထွက်ခွာလာခဲ့ကြပြီး အိန္ဒိယတောင်ပိုင်းဖြစ်တဲ့ မြန်မာ လာအို ကမ္ဘောဒီးယား ထိုင်း သီရိလင်္ကာ အင်ဒိုနီးရှား မလေးရှားနိုင်ငံတို့ကို ရောက်ခဲ့ကြပြီး တောင်ပိုင်း ထေရ၀ါဒ ဗုဒ္ဓသာသနာလို့ အမည်တွင်ခဲ့ပါတယ်။ မလေးရှား အင်ဒီနီးရှားတို့မှာတော့ တစ်ချိန်က ဗုဒ္ဓဘာသာဖြစ်ခဲ့ပေမယ့် အခုချိန်မှာ ကျေးကုလား ဘာသာဖြစ်ကုန်ပါပြီ။

မြောက်ပိုင်းကို ထွက်ပြေးခဲ့ကြတဲ့ ရဟန်းတော်တွေကတော့ တရုတ် ဂျပန် ကိုးရီးယား မွန်ကိုးရီးယား ဗီယမ်နမ် တိဗက်ဒေသတွေဆီ ရောက်ရှိကာ မြောက်ပိုင်း မဟာယာန ဗုဒ္ဓဘာသာဟူ၍ အမည်တွင်ခဲ့ပါတယ်။