Friday, November 26, 2010

ဇင်၏ဖြစ်တည်ရာ

မမြင်နိုင်တာကို
ကြည့်ပါ
မကြားနိုင်တာကို
နားထောင်ပါ
မထိတွေ့နိုင်တာကို
ခံစားပါ
(လောင်ဇူး)

ဇင်ဗုဒ္ဓဘာသာဆိုတာ တရုတ်ပြည်ရဲ့မွေးဖွားရာဆောင် တောင်တန်းမှာ ရှိတဲ့ ရှောင်လင်သိုင်း အနုပညာ ဇင်ကျမ်းစာသင်ကျောင်းကို တရုတ် ယဉ်ကျေးမှုရဲ့ ပုလဲ ရတနာသဖွယ် သတိထားမိပြီး ဖြစ်ကြမှာပါ။ဒါပေမယ့် ဇင်နဲ့ ပတ်သက်ပြီး နားလည် ထားတတ်ကြတာက ဇင်ဘုန်းကြီတွေဟာ မိန်းကလေး မဖြစ်ရဘူး။ အသား မစားကြတဲ့ သက်သတ်လွတ် သမားတွေ ဖြစ်တယ်။ အိမ်ထောင်ပြုလို့ မရဘူး။ ခေါင်းတုံးပြောင်အောင် တုံးထားရမယ် အနီနဲ့ အ၀ါသင်တိုင်း တွေကိုပဲ အမြဲ ၀တ်ဆင်ရမယ်၊ သင်္ကန်းမဟုတ် လူအ၀တ်အစား မဟုတ်တဲ့ အ၀တ်တွေကို ၀တ်နေသူ စသဖြင့် အမှားတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ဇင်အကြောင်းကို သေသေချာချာ ထပ်ကြည့်ရအောင်ပါ။

ဘီစီ ၅၂၇ မှာ ဂေါတမဗုဒ္ဓ ပေါ်ထွန်း ခဲ့ပါတယ်။ အဲဒီအချိန်က လီယျန်မင်းဆက် တစ်ပါးဖြစ်တဲ့ ၀ူဒီ (၅၀၂-၅၄၉ ဘီစီ)က ဗုဒ္ဓ သာသနာကို ပြန့်ပွား စေလိုတဲ့ အတွက် တရုတ်ပြည်ရဲ့ မြစ်ဝါ မြစ်တောင်ဖျားမှာ ရှိတဲ့ ဟီနန် ပြည်နယ်မှာ ဗုဒ္ဓ ဘုန်းတော်ကြီးတွေကို သတင်းသုံးစေပြီး သက္ကက(Sanskrit) ဘာသာနဲ့ ရေးထားတဲ့ ဗုဒ္ဓ စာပေတွေကို တရုတ် ဘာသာသို့ ပြန်ဆို စေခဲ့ပါတယ်။ အဲဒီ အချိန်လောက်မှာ အိန္ဒိယက ဗောဓိဓမ္မ(တရုတ်လို ဓာမို)က အဲဒီကျောင်းကို ရောက်လာကာ ရှစ်နှစ် တိုင်တိုင် တရားဓမ္မ အားထုတ် ခဲ့ပါတယ်။ သူကပဲ အဲဒီကျောင်းမှာ ကျောင်းထိုင် ဆရာတော် ဖြစ်လာပြီး ကျန်တဲ့ ဘုန်းကြီးတွေကို ကိုယ်ခန္ဓာ ကြံ့ခိုင်ရေးနဲ့ အတွင်းအား ကောင်းရေး အတွက် ဆိုကာ လိုဟန် လှုပ်ရှားကွက် ၁၈ ကွက်ကို စတင် သင်ကြား ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အေဒီ ၅၂၀ မှာ ဗောဓိစမ္မ-ဓာမိုရဲ့ ဇင်ဗုဒ္ဓဘာသာကျောင်း ရယ်လို့ ပေါ်လာပါတယ်။ အမှန်တော့ တရား အားထုတ်စဉ်မှာ မငိုက်မျဉ်း ရအောင် ရည်ရွယ်တဲ့ အပြင် ကိုယ်ခံစွမ်းအား ကြံ့ခိုင်အောင်လည်း လုပ်ပေးတဲ့ ယောဂကျင့်စဉ် တစ်မျိုးသာ ဖြစ်ပါတယ်။ တောတောင်ထဲမှာမို့ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်ကလည်း ရှိနေလေတော့ ဗောဓိဓမ္မ-ဓာမိုက သူ့ကျင့်စဉ်ကို တိရစ္ဆာန်တွေ အန္တရာယ်က ကာကွယ်နိုင်အောင် စီမံပြီး ကျန်ဘုန်းကြီးတွေကို လေ့ကျင့် သင်ကြား ပေးခဲ့ပါတယ်။ အေဒီ ၅၂၈ မှာတော့ တာမိုဆိုသူ ဘုန်းတော်ကြီးက ဟီနန်ကျောင်းမှာ နာယက ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ အေဒီ ၆၁၀ မှာတော့ ဟီနန်ကျောင်းဟာ ဘာသာရေး အဆုံးအမ သက်သက် သင်ကြားရာ နေရာမကတော့ဘဲ သိုင်းနဲ့ ကိုယ်ခံပညာ သင်ပေးရာ ဌာန ဖြစ်လာခဲ့ပါတယ်။ အေဒီ ၆၈၀ မှာ ဟီနန်ကျောင်းကို လက်ရှိ ဧကရာဇ်က ဖျက်ဆီးလိုက်ပါ တယ်။ ဒါပေမယ့် ၉၄၅ ခုနှစ်မှာတော့ စီချွမ်ပြည်နယ်က အာမီရှမ်း ကျောင်းဟာ ဇင်ကျင့်စဉ်ကို လက်ခံ ခဲ့ပါတယ်။ ဒီအချိန် မြန်မာပြည်မှာ ပုဂံခေတ်မို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာရောင်ဝါ ထွန်းချိန် ဆိုတာကို သတိထား စေချင်ပါတယ်။ တရုတ်မှာ ဇင်ဘာသာ ထွန်းတောက်နေချိန် ပုဂံမှာ ကျန်စစ်သားကနေ ကျစွာမင်းအထိ ပုဂံစေတီ အဆူဆူကို တည်နေချိန်ပါ။

၁၆၄၄ မှာတော့ ပြန်ဆောက်ထားတဲ့ ဟီနန်ကျောင်းကို မျက်ခုံးဖြူလို့ နာမည်ရတဲ့ ဇင်ဆရာကြီး ဘိုင်မေ့က သစ္စာဖောက်လို့ ဖျက်ဆီး ခံရပြန်ပါတယ်။ ၁၇၀၀ မှာတော့ ဇင် ယောဂီတစ်ဦးစီတိုင်းမှာ ကိုယ်ပိုင် တိရစ္ဆာန် ပုံသဏ္ဌာန် နဲ့ ရင်ဆိုင် ရပ်တည်တဲ့ အလေ့အထ ခေတ်စား လာပါတယ်။ တောင်ကျောင်းနဲ့ မြောက်ကျောင်း သင်ကြားပုံတွေလည်း မတူပါဘူး။ ၁၇၆၅မှာ ကိုယ်ခံသိုင်းပညာစတိုင် စပြီး ပေါ်ထွက်လာပါတယ်။ အဆင့်တွေ သတ်မှတ်ပြီး သင်ကြားသလို ကွန်ဖူးဟာလည်း ဇင်ယောဂီ (သို့) ရှောင်လင်ရဲ့ အထင်ကရ ပညာရပ် ဖြစ်လာခဲ့ပါတယ်။ ၁၈၇၈ မှာတော့ ၀ူတန်းကျောင်းက ရှောင် လင်ဆရာကြီးနဲ့ တပည့်တွေဟာ လက်ရှိ တရုတ် အာဏာပိုင်ကို ဖြုတ်ချတဲ့ လှုပ်ရှားမှုမှာ ပါခဲ့ကြပါတယ်။ နောက်ပိုင်း ၁၈၉၉ မှာ ရှောင်လင်တွေဟာ နိုင်ငံခြားသား အများစုကိုပါ မောင်းထုတ် ခဲ့ကြပါတယ်။ ၁၉၀၀ ခုနှစ်မှာတော့ ဖူဂျီယန်နဲ့ ဟီနန်ကျောင်းတွေ ဖျက်ဆီး ခံခဲ့ရပြီး တရုတ်ပြည်လည်း ပဒေသရာဇ်တစ် ခန်းရပ် သွားခဲ့ပါတယ်။ ဒါပေမယ့် ရှောင်လင် ခေါင်းဆောင် ဘုန်းတော်ကြီးကတော့ ၁၉၀၂ ခုနှစ်မှာ အမေရိကနှင့် ဂျပန်ကို ထွက်သွားခဲ့ပြီး ၁၉၂၈ မှာ ဟီနန်ကျောင်း မီးရှို့ခံ ခဲ့ရပါတယ်။ အဲဒီ နောက်ပိုင်း မော်စီတုန်းရဲ့ ကွန်မြူနစ် ခေတ်မှာတော့ ရှောင်လင်တင်မကဘဲ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာရေး အားလုံး နေရာ မရခဲ့ပါဘူး။

၁၉၈၉ မှာတော့ ရှောင်လင်ရဲ့ ကနဦး နေရာဖြစ်တဲ့ ဟီနန်ကျောင်းကို ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံ အဖြစ် ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။
တကယ်တော့ ဇင်ကျင့်စဉ်များဟာ တရုတ် ရိုးရာ ၀ိညာဉ် ယုံကြည်မှုထဲမှာ အိန္ဒိယရဲ့ အတွေး အခေါ်ကို ပေါင်းစပ်ထားတာပါ။ အဓိကကျတဲ့ အထဲမှာ တာအို ပညာရှင် လောင်ဇူရဲ့ ဘ၀ကို ဥာဏ်ပညာ ရှိစွာနဲ့ နှိမ်ချစွာ ဖြတ်သန်း ရှင်သန်ဖို့ ဆိုတဲ့ အတွေးအခေါ်လည်း ပါပါတယ်။ ကိုယ်ခန္ဓာ၊ စိတ်နဲ့ ၀ိညာဉ်ကို အချိုးညီ ပေါင်းစပ် ပြုပြင်ထားတာလို့ ဆိုပါတယ်။ ဒါပေမယ့် သဘာဝ တရားအပေါ် အလေးအနက် ထားတာကတော့ ထူးခြားပါတယ်။ ဒါပေမယ့် ဇင်ဗုဒ္ဓဘာသာ ရှောင်လင်ကျောင်းတွေမှာ ကွန်ဖူးနဲ့ ကိုယ်ခံ ပညာကိုချည်း သင်ပေးတာ မဟုတ်ပါဘူး။ ကျောင်းတိုင်း လိုလိုမှာ အင်မတန် များပြားတဲ့ စာအုပ်တွေရှိတဲ့ စာကြည့်တိုက်တွေ ရှိပါတယ်။ စာအုပ်တွေ အနေနဲ့လည်း ဘာသာရပ် စုံလှပါတယ်။ နက္ခတ်ဗေဒ၊ ဇီဝဗေဒ၊ အနုပညာ၊ ပန်းချီ၊ ဂီတ၊ ဖလော်ဆော်ဖီ၊ သချာင်္စသဖြင့် အတော်စုံစုံ ရှိတာပါ။ ဗုဒ္ဓဘုရား ဟောကြားသလို “လူခြေတစ်ထောင်ကို အခါ တစ်ထောင် နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုမှ မနိုင်ရင်တော့ အောင်နိုင်ဆုံးသူ မဖြစ်သေးဘူး” ဆိုသလိုပဲ ဇင် ကျင့်စဉ်များဟာ ကိုယ့်အတ္တကို အနိုင်ယူဖို့ သင်ယူရတာပါ။ ကိုယ်ခန္ဓာ ကြံ့ခိုင်ဖို့နဲ့ စိတ်ဝိညာဉ် လူပ်ရှားမှုတို့ ပေါင်းစပ်နိုင်ဖို့နှင့် ကိုယ်နဲ့ စိတ်ရဲ့ သဘာဝအခြေအနေကို သဘောပေါက်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဇင်ဗုဒ္ဓဘာသာရဲ့ တစ်စိပ်တစ်ဒေသဖြစ်တဲ့ ရှောင်လင်ကိုယ်ခံပညာကို ဒီကနေ့ သင်ယူ နေကြသူတွေဟာ အရင်ခေတ် ကလို ကိုယ်ခံပညာ အတွက်ထက် ဇင်ဗုဒ္ဓဘာသာရေး ကျင့်စဉ် အနေနဲ့ သင်ယူ လေ့လာနေကြတာပါ။ မျက်မြင် လေ့လာဖူးသူတွေ အဆိုအရတော့ ဇင် ကိုယ်ခံပညာ လေ့ကျင့်နေသူတွေရဲ့ လှုပ်ရှားမှုဟာ မြန်ဆန် လွန်းတာမို့ ညတိုင်တွေမှာဆို သူတို့ လှုပ်ရှားနေတာကို မြင်ကို မမြင်ရနိုင်ဘူးလို့ ဆိုပါတယ်။ တကယ်တော့ ဇင်ရဲ့ အနှစ်သာရ ကလည်း အချက် နှစ်ချက်ပဲ ရှိပါသတဲ့။ တစ်ချက်က ဘယ်အရာမှ မမြဲဘူး ဆိုတာနဲ့ နောက်တစ်ချက် ကတော့ ကိုယ်ခံပညာ လေ့ကျင့်မှုဟာ ဗုဒ္ဓ အတွေးအခေါ် လမ်းစဉ်ကို ဘယ်နည်းနဲ့မှ မြည်းစမ်းဖြစ်မှာ မဟုတ်တဲ့သူတွေအတွက် မြည်းစမ်း ဖြစ်သွားစေမယ့် တံခါးပေါက် ဖြစ်တယ် ဆိုတာပါတဲ့။

( မိုးတနင်္ဂနွေ ရဲ့ ရှောင်လင် ၀ူရှုး ကွန်ဖူးသမိုင်း မှတ်စုမှတ်ရာများမှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။)