Tuesday, March 15, 2011

လူ့ဘ၀ လူ့ပြဿနာ (၁၁)

သားသမီးများ ကြီးပျင်းလာမှုအပေါ်မှာ ပြုကျင့်ရမယ့် မိဘ၏ တာဝန်နှင့် ၀တ္တရားအပိုင်းအစများ

မိဘအုပ်ထိန်းမှုဆိုတာ သားသမီးအပေါ်မှာ အရာအားလုံးကို လုံခြုံနွေးထွေးစေတဲ့ တန်ဖိုးတရားတစ်ခုပါ။ ဒါပေမယ့် မိဘတော်တော်များများကတော့ သာသမီးတွေကို အမြဲတစ်စေ ကြည့်ရှုစောင့်ရှောက်နိုင်ဖို့ လုံလောက်တဲ့ အချိန်ဆိုတာ မရတတ်ကြဘူး။ စားဝတ်နေရေးနဲ့ လုံးချာလိုက်နေလို့လည်း ဖြစ်ဟန် ရှိတတ်ကြတယ်။ သို့ပေမယ့် မိဘတာဝန်ဝတ္တရားက ကလေးတွေ ကြီးပျင်းလာတဲ့အထိ မဖြစ်မနေ ပြုနေရမယ့် အရာပါ။ ကလေးတွေကို ဘယ်လို ကြီးပျင်းလာအောင် ပြုစုစောင့်ရှောက်မလဲ ဘယ်လိုကောင်းအောင် စောင့်ရှောက်ပေးရမလဲ စသဖြင့် မိဘတိုင်း အမြဲ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နေသင့်ပါတယ်။ ပြီးတော့ ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ ပထမဦးဆုံး ကလေးတွေကို လိမ္မာရေးချရှိဖို့ လူတော်လူကောင်းဖြစ်လာဖို့ ရည်ရွယ်လုပ်ဆောင်ရမှာပါ။ ဒီလိုပြုပြင်နေခြင်းက နောက်ဘယ်အချိန် ဘယ်အခါဖြစ်ဖြစ် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ပြီးတော့ ကောင်းကောင်းဆိုးဆိုး ကလေးတွေ ပျော်ရွှင်အောင် တာဝန်ဝတ္တရားတွေကို အဓိပ္ပါယ်ရှိရှိ ပြုမှုတတ်အောင် ပြုပြင်ပေးနေရမှာလဲ ဖြစ်ပါတယ်။

မိဘအတော်များများကတော့ ကလေးတွေအတွက် သူတို့သည်သာ အကောင်းဆုံးသော အရာ ဖြစ်တယ်လို့ တွေးထင်တတ်ကြတယ်။ ဒါကြောင့် ကလေးတွေအပေါ် မျှော်လင့်ချက်ကြီးကြီးတွေ ထားတတ်ကြတယ်။ ကလေးတွေ စိတ်ဝင်စားတဲ့အရာ ၀ါသနာပါတဲ့အရာ ထူးချွန်နိုင်တဲ့အရာတွေကို လေ့လာမှုတွေ မရှိဘဲ သေသေချာချာ တိတိပပ ကိုင်တွယ်မှုမရှိဘဲ ကလေးတွေကို ကျူရှင်တွေ သင်တန်းတွေကို ဇွတ်အတင်း တက်ခိုင်းတယ်။ တစ်ချိန်တည်းမှာပဲ ရှိသမျှ သင်တန်းတွေ တမျိုးပြီးတစ်မျိုး တက်ခိုင်းတတ်ကြသေးတယ်။ ဒီလိုနဲ့ ကလေးတွေမှာ နားချိန်မရှိ အားလပ်ချိန်မရှိ စိတ်ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ စိတ်ဖိစီးမှုအမျိုးမျိုးနဲ့ နေ့စဉ် နေ့စဉ် ဖြတ်သန်းနေကြရတယ်။ ပြီးတော့ ကလေးတွေကို စာမေးပွဲတွေမှာ အမှတ်ကောင်းရမယ် ထူးထူးချွန်ချွန်နဲ့ အောင်ရမယ်ဆိုတဲ့ ဖိအားပေးမှုတွေနဲ့လည်း တောင်းဆိုကြသေးတယ်။ ဒီလို ရည်မှန်းချက်တွေ တွန်းအားတွေနဲ့ တိုက်တွန်းကြပ်မတ်နေရင်း တစ်ချိန်ချိန်မှာ ကလေးတွေကို သူတို့ကို ပြန်လှည် ကျေးဇူးတုံ့ပြန်လိမ့်မယ်လို့ မျှော်လင့်လိုက်သေးတယ်။ သူငယ်ချင်းတွေ ဆွေမျိုးတွေကြားမှာ စကားစပ်မိတဲ့အခါတိုင်း အပြိုင်အဆိုင် ဂုဏ်ယူဝင့်ကြွားလိုက်ကြသေးတယ်။

မျှော်လင့်ချက် တိုက်တွန်းမှုတွေက ကလေးတွေကို ပျော်ရွှင်စေခြင်းထက် စိတ်ဖိစီးမှုတစ်ခုအနေနဲ့ ဖြစ်တဲ့အတွက်ကြောင့် ဆယ်ကျော်သက်တစ်ယောက်ရဲ့ ဘ၀မှာ စိတ်ဖိစီးမှု ဘယ်လိုမှ မဖြစ်စေသင့်ပါဘူးဆိုတာ မိဘတိုင်း သိသင့်တဲ့ အရာပါ။ ဒါကြောင့် ပုံမှန်ကလေး တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို နားလည်မှုတွေနဲ့ ပြည့်ပြည့်၀၀ ပေးထားရမှာ ဖြစ်ပါတယ်။ မိဘများအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်ရမယ်။ မိမိကလေး ကြီးပျင်းလာသည့်အလျောက် တာဝန်ဝတ္တရားတွေ ရှိလာကြမယ်။ ကလေးတွေမှာလည်း သူတို့ တာဝန်တွေ ၀တ္တရားတွေဆိုတာ ရှိကြတာပါပဲ။ ကောင်းတဲ့ မိဘများ ဖြစ်ချင်သူအနေနဲ့ ကနေ့ခေတ်မှာ ဘာတွေ ဖြစ်နေကြသလဲ ဘာတွေစိတ်ဝင်စားကြသလဲ ခေတ်ယဉ်ကျေးမှုက ဘယ်လိုလဲဆိုတာ အမြဲတစ်စေ လေ့လာနေရပါ့မယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေမှာ ကလေးတွေကို ပြည့်ပြည့်၀၀ လွတ်လပ်ခွင့် ပေးထားခြင်း၊ တတ်နိုင်သမျှ တည့်မတ်ပေးခြင်းတို့ဖြင့် ပြုပြင်ပေးနေပေမယ့် ကလေးတွေဘက်က အကောင်းဆုံး တုံပြန်မှုကို ပြန်ရလိမ့်မယ်လို့ မျှော်လင့်မထားမိဖို့တော့ လိုအပ်လိမ့်မယ်။ ဒါကြောင့် မိဘတွေဟာ တာဝန်တွေ ၀တ္တရားတွေကို မှန်မှန်ကန်ကန် သိတတ်ရမယ်။ ကလေးတွေကို မဖြည့်ဆည်းပေးနိုင်တာကို ကောင်းကောင်သိပြီး ကောင်းကောင်း ဖြည့်ဆည်းပေနိုင်ရမယ်။ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ရှောင်ကြဉ်ရပါမယ်။ ပြီးတော့ မိသားစုနှင့် အတူ ပျော်ရွှင်စွာ နေထိုင်ခြင်းရဲ့ တန်ဖိုးတရားတွေကိုလည်း နားလည်အောင် သွန်သင်ပေးရမယ်။ ဤသို့ဖြင့် ထူးချွန်ထက်မြက်လာနိုင်တဲ့ အနာဂတ် ရင်သွေးငယ်နဲ့အတူ ပျော်ရွှင်တဲ့ မိသားစုတစ်ခု တည်ဆောက်ခြင်းဆိုတာ မိဘများ ဆက်လက်ပြီး အမြဲလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် မိဘများဟာ သူတို့ရဲ့ အခန်းကဏ္ဍနှင့် တာဝန် ၀တ္တရားတွေကို ပြည့်ပြည့်၀၀ မှတ်မိနေရမည်သာမက ခေတ်သဘာဝ ရေစီးကြောင်းအရလည်း လိုက်လျောညီထွေဖြစ်အောင် ပြုမှုဆောင်ရွက်ရပါမယ်။ တာအိုတွေးခေါ်ရှင်ဖြစ်တဲ့ လောက်ဇူးကတော့

“ သင့်မှာ လက်ခြောက်ချောင်း ရှိမယ်ဆိုရင် ၄င်းကို ငါးချောင်းဖြစ်အောင် မကြိုးစားပါနှင့်။ ပြီးတော့ သင့်မှာ လက်ငါးချောင်းရှိမယ်ဆိုရင် အဲဒါကို ခြောက်ချောင်းဖြစ်အောင် မကြိုးစားပါနှင့်။ သဘာဝတရားကို သဘာဝအတိုင်းသာ ထားပါ။ ဆန်ကျင်ဘက်ကို ဘယ်တော့မှ မပြုလုပ်ပါနဲ့”တဲ့ ။

စာစကားနဲ့ ပြောရရင် မိဘတစ်ယောက်အနေနဲ့ ကလေးတွေ ကောင်းကောင်းမွန်မွန် ကြီးပျင်းလာဖို့အတွက် မိဘတို့ရဲ့ တာဝန်တွေဆိုတာ များပြားလွန်းလှတယ်။ ကျန်းမာကြံခိုင်ပြီး တန်ဖိုးရှိတဲ့ နိုင်ငံသားကောင်းရတနာ တစ်ယောက်အဖြစ် မိမိကလေးတွေ လူလားမြောက်ကြီးပျင်းလာပြီဆိုရင် အဲဒီလို ကြီးပျင်းလာခြင်းဟာ မိဘတွေ ကြိုးစားပြီး ပြုစုစောင့်ရှောက်ခြင်းရဲ့ ရလာဒ်တစ်ခုပါ။ ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် ကလေးတစ်ယောက် မကောင်းတဲ့ အကျင့်စရိုက်တွေနဲ့ ကြီးပျင်းလာပြီဆိုပါစို့။ တာဝန်ပေါ့လျော့တဲ့ မိဘရဲ့ အပြစ်ကြောင့်လို့ပဲ ပြောရတော့မှာပါ။ တစ်ခြားသူများကို အပြစ်တင်လို့တော့ မရနိုင်ပါဘူး။ ဒါကြောင့် ကလေးတွေ အပေါ်မှာ သင့်လျော်တဲ့ နည်းလမ်းတွေကို ညွန်ပြပေးရမယ်။ လောက၀တ် ဓမ္မ၀တ်တွေက သတ်မှတ်ထားတဲ့ မိဘတာဝန် ၀တ္တရားတွေကိုလည်း မိမိကလေးတွေအပေါ်မှာ တတ်နိုင်သမျှ ကျေပွန်အောင် ပြုမူဆောင်ရွက်ပေးရမယ်။ မိမိကလေးဟာ အကျင့်ပျက်လူငယ်တစ်ယောက် ဖြစ်နေပြီး ပြုပြင်ဖို့ ခက်ခဲ့တဲ့ ကိစ္စအနည်းငယ်ကို ပြုလုပ်ခဲ့လင့်ကစား မိမိကလေးရဲ့ အပြုအမူအတွက် မိမိကလေးရဲ့ စာရိတ္တပိုင်းဆိုင်ရာတွေအတွက် ပြုပြင်ပေးဖို့ တာဝန်က မိဘတွေမှာ ရှိနေလေတော့ တတ်နိုင်သမျှ တည့်မတ်စောင့်ရှောက်ခြင်းကသာ မိဘရဲ့ အလုပ်သင့်ဆုံး အလုပ်တစ်ခုပါ။ ( တောင်းဆိုး ပလုံးဆိုး ပစ်ရိုးထုံးစံ ရှိ၏။ သားဆိုး သမီးဆိုး ပစ်ရိုး ထုံးစံ မရှိ)

သည့်အပြင် မိဘတို့ရဲ့ ထောက်ပံ့မှု ထိန်းကျောင်း ပြုပြင်ပေးမှုတွေက ကလေးတွေရဲ့ အရွယ် အလိုက် လိုက်လျောညီထွေ ဖြစ်နေဖို့ကလည်း အရေးကြီးတယ်။ မိဘတွေရဲ့ မူရင်း ရည်ရွယ်ချက်က မိမိကလေးကို ယဉ်ကျေးသိမ့်မွေ့သူတစ်ယောက် ဖြစ်ရန် အတွက်ပါ။ သို့ပေမဲ့လည်း သတိပြုရမယ့် အချက်တစ်ခုက ကလေးတွေရဲ့ ဗီဇနှင့် အတိုင်းအတာ ပမာဏ ၀င်ဆန့်ရုံမျှသာ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ပါ။ နောက်ပြီး မိဘအတော်များများ မှားယွင်းတတ်တဲ့ အမှားတစ်ခုက ငါးနှစ်ခြောက်နှစ်လောက်သာ ရှိသေးတဲ့ ကလေးတစ်ယောက်ကို အိမ်ဖော်တစ်ယောက် သို့မဟုတ် တစ်ခြားတစ်ယောက်ယောက် သို့မဟုတ် ကစားစရာတစ်ခုခုနဲ့ သိပ်ထားတတ်တဲ့အကျင့်ပါ။ သူတို့ရဲ့စိတ်ထဲမှာ ကလေး အဖော်ရရင် ပြီးရော ငြိမ်နေရင် ပြီးရော ဆိုတဲ့ သဘောမျိုးနဲ့ ယူဆကြဟန် တူပါတယ်။ သို့ပေမဲ့ အပေါင်းအဖော်ဆိုတဲ့ အဓိပ်ပါယ်ကို ဂရုပြုဖို့ လိုအပ်ပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ မိမိကလေးကို အစစအရာရာ အလိုလိုက် အကြိုက်ဆောင်ဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ သို့ပေမဲ့ မိမိရဲ့ ချစ်ခြင်းမေတ္တာ မိမိရဲ့ တည်ကြည်လေးနက်မှုတွေကို ဒီအရွယ်ကတည်းက လက်ခံတတ်လာအောင် သင့်လျော်တဲ့ နည်းလမ်းတွေနဲ့ ပေးစွမ်းနိုင်ရမှာ ဖြစ်ပါတယ်။ (အိုးဖုတ်သူ အိုးလုပ်သူရဲ့ ဥပမာကို သတိပြုပါ) ဒီအရွယ်တွေမှာ ကလေးတစ်ယောက်ဟာ မိဘတွေကိုသာ အဖော်အဖြစ် လိုအပ်တာပါ။ တစ်ခြားအပေါင်းအသင်းဆိုတာတွေကို မလိုချင်ကြသေးဘူးဆိုတာ သတိပြုပါ။ ဒီအရွယ်ကတည်းက မိမိကလေးကို မိမိရဲ့ ချစ်ခြင်းမေတ္တာ မိမိရဲ့ ရင်းနှီးကျွမ်းဝင်မှုတွေနှင့် သင့်လျော်သလို ထုဆစ်တည်ဆောက်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်ခြားတစ်ဖက်မှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်ပြီးတစ်ဆင့် ကူညီပေးရာရောက်ပြီဆိုတာ ကောင်းကောင်း ကောက်ချက်ချလို့ ရနိုင်မှာပါ။