Friday, June 10, 2011

ဘီ ပီ ယူ တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်သို့ အလည်တစ်ခေါက်

2001 ခုနှစ် Jun လ 10-ရက် နေ့တွင် ဘီဘီယူတက္ကသိုလ်ရဲ့ ၁၇ ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်ကို ဘွဲ့ယူကျောင်းသားများနှင့်အတူ စာရေးသူလည်း တက်ရောက်ခွင့်ရခဲ့ပါသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားကို B M I C ခမ်းမတွင် ကျင်းပခဲ့ပြီး အခမ်းအနားကို တက္ကသိုလ်ရဲ့ ပါမောက္ခများ၊ သင်ကြားစီမံ ဆရာများ၊ ဘွဲ့ယူ ဘွဲ့ခံကျောင်းသား ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်ကို တွေ့ခဲ့ရပါသည်။ အခမ်းအနားကို နေ့ခင်း ၁း၃၀ အချိန်တွင် စတင်မည် ဖြစ်သော်လည်း စာရေးသူတို့က မနက်ပိုင်း ၁၁ နာရီလောက်ကတည်းက ရောက်ရှိနေခဲ့ပါသည်။
ဘွဲ့နှင်းသဘင် ကျင်းပသော နေရာသို့ ရောက်သွားသည့်အချိန်တွင် ကျင်းပနေကျ မူလအဆောက်အဦးသည် ပြင်ဆင်ဆဲကာလ ဖြစ်နေ၍ ယာယီအဆောက်အဦးတစ်ခုထဲ၌သာ အခမ်းအနားကို ပြင်ဆင်ထားပြီး ဘေးပတ်ဝန်းကျင်ပတ်ပတ်လည်တွင် အလှပန်းများ၊ ဘွဲ့နှင်းသဘင်တို့၏ ထုံးစံအတိုင်း ခမ်းခမ်းနားနား ပြင်ဆင်ထားသည်ကိုလည်း တွေ့ရပါသည်။ စာရေးသူတို့လည်း ရောက်တုန်းရောက်ခိုက်မို့ အလှဓါတ်ပုံများ လှည့်လည်ရိုက်ယူကြပြီး နေ့ခင်းအချိန်တွင် အခမ်းအနားအတွင်းသို့ သွားရောက်ခဲ့ပါသည်။ အခမ်းအနားကို ကြိုတင်ကြေငြာထားတဲ့အတိုင်း နေ့ခင်း (၁း၃၀)အချိန်တွင် ကျင်းပခဲ့ပြီး ဦးစွာပထမ ဘွဲ့ယူကျောင်းသားများ နေရာယူခြင်း၊ ပါမောက္ခများနှင့် သင်ကြားစီမံဆရာများ နေရာယူခြင်း၊ ဧည့်သည်တော်များ နေရာယူခြင်း၊ ဘုရားဆီမီး ပူဇော်ခြင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ပါမောက္ခတစ်ဦးမှ ဘီဘီယူတက္ကသိုလ်၏ သမိုင်းကြောင်းနှင့် ဘွဲ့နှင်းသဘင်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းပြခဲ့ပြီး အစီအစဉ်အတိုင်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရ ဆရာတော်သုံးပါးနှင့် ပညာရေးဒေါက်တာဘွဲ့ရ တရုတ်ကျောင်းသားတစ်ဦးတို့ကို ကိုယ်ရေးအကျဉ်းများကို ဖတ်ကြားပြီး ဂုဏ်ပြုကာ ဒေါက်တာဘွဲ့လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး မာစတာဖီလ်းဘွဲ့ရ ၂-ဦး မာစတာဘွဲ့ရ ၂၀၆-ဦး၊ ဘီအေ ဘွဲ့ရ ၄၈၇-ဦးတို့အတွက် ဘွဲ့လက်မှတ်အသီးသီးတို့ကို ပေးအပ်ခဲ့ပါသည်။ ထို့နောက် အစီအစဉ်များပြီးဆုံးပြီးနောက် အခမ်းအနားကို စနစ်တကျ ရုတ်သိမ်းခဲ့ပါသည်။ စာရေးသူတို့လည်း အမှတ်တရဓါတ်ပုံမျာကို ရိုက်ယူကြပြီး ညနေပိုင်း ၆-နာရီအချိန်တွင် ပြန်လည်ထွက်ခွာလာခဲ့ပါသည်။