Tuesday, July 12, 2011

စွယ်တော်အလှူသို့ အလည်တစ်ခေါက် ရောက်ရှိခြင်း


မနေ့က စွယ်တော်သို့ ရောက်ခဲ့တယ်။ နဂိုက ထင်မှတ်ထားတာက စွယ်တော်အလှူသည် သံဃာပေါင်း ၃၀၀၀-ကျော်ကျော်သာ ပင့်ဖိတ်ထားသည်ဟု ထင်ရသည်။ တကယ်တမ်းသွားကြည့်တဲ့အခါကျတော့ သံဃာပေါင်းက နည်းမှ မနည်းတာပဲ။ ၄-ကျော်ကျော် ငါးထောင်လောက် ရှိမယ်ထင်တယ်။ စွယ်တော်ရင်ပြင်မှာတော့ ပြည့်ကျပ်သိပ်နေတာကို တွေ့ရပါတယ်။ စာရေးသူတို့ ရောက်သွားတဲ့အခါကျတော့ စာရေးသူမှာက ဖိတ်စာအိပ်ကလည်း မပါ။ ၀င်ရကောင်းနိုး မ၀င်ဘဲနေရ ကောင်းနိုးနဲ့ တုံချည် လှချည် ဖြစ်နေမိပါတယ်။ အဲဒီလို ဖြစ်နေတုန်းမှာပဲ ကုလားဦးဇင်းနှစ်ပါး ရောက်လာတာကို တွေ့လိုက်တော့ အကြံရပြီး သူတို့နောက်ကို လိုက်သွားပါလိုက်ပါတယ်။ အဲဒီလို လိုက်သွားပြီး အထဲကို ရောက်တော့ အစောင့်ရဲတွေက စစ်ပါတယ်။ စာရေးသူမှာလည်း စာအိပ်က မပါတော့ ထုံသလိုလို အသလိုလို လုပ်လိုက်ပါတယ်။ အဲဒီလိုနဲ့ အထဲကို ရောက်သွားပါရော။ ဟိုထိုင်ရကောင်းနိုး ဒီထိုင်ရကောင်းနိုးနဲ့ ထိုင်နေတုန်းမှာပဲ ကိုရင်ပေါက်စတစ်ပါးနားကို သွားထိုင်လိုက်ပါတယ်။ မဏ္ဍာပ်ရှေးဆုံးမှ တရားဟောသံကိုလည်း ကြားနေရပါတယ်။ အဲဒီလိုနဲ့ နာရီဝက်လောက်စောင့်လို့အပြီးမှာ ဆွမ်းကပ်ကြတော့မယ်ဆိုပြီး ဆွမ်းဟင် ပန်းကန်တွေ လာချပေးပါလေရော။ အဲဒါကို မေတ္တာစေတနာ ပရပွထားပြီး လာထည့်သမျှ အကုန်လက်ခံကာ ထမင်းပန်ကန်အပြည့် ဘုန်းပေးသုံးဆောင်လိုက်တယ်။ ဆွမ်းဘုန်းပေးသုံးဆောင်ပြီးတော့ အချိုပွဲတွေ လာရောက်ဆက်ကပ်တဲ့အခါကျတော့လည်း ယောနိသောမနသိကာရ အသင့်အသင့် နှလုံးသွင်းကာ မေတ္တာစေတနာ ရှေ့ရှု့ပြီး ထည့်သမျှ ကပ်သမျှ အကုန်နီးပါးကျော်ကျော်လောက် ဘုန်းပေးသုံးဆောင်လိုက်တယ်။ အဲဒီအချိန်မှာ ရွှေမိုးကလည်း သဲသဲမဲမဲကို ရွာချလာလိုက်လို့ ဘေးက ဦးဇင်းတွေ မိုးစိုးကုန်ပြီး ကာယိနြေ္ဒတွေ အနည်းငယ် စဉ်းငယ် ပျက်စီးသလိုလို ဖြစ်သွားကာ ဟန်ဆောင် ပန်ဆောင်နဲ့ ဆက်ထိုင်နေကြတယ်။ ကြားထဲက မနေနိုင် မထိုင်နိုင် စိတ်ပူတတ်တဲ့ တစ်ခြားဦးဇင်းတွေက သူတို့မှာပါတဲ့ ထီးတွေကို ကောက်ပေးလိုက်တော့ မဆောင်းဘဲလည်း မနေပြန်ပါဘူး.။